ကဗျာ

ဆက်လက်ဖတ်ရှုရန်

ဘွာတေးဘွာတေးမလုပ်ကြေးနော်
မင်းတိက္ခ


ဗိုလ်ချုပ်ကြီးတွေရဲ့လက်စွမ်း
အံ့မခန်းစရာပါဘဲ
ဟိုတုန်းက ရွှေမြန်မာ
ခုခါဝယ် ကျွန်တွေဖြစ်
ရင်နင့်စရာ။

ပတ္တမြား နီလာနဲ့ ကျောက်စိမ်း
မြန်မာ့မြေပေါ်က ဇာတ်သိမ်းတော့မယ်
ရေအောက်က ရတနာသိုက်
ရောင်းစားလိုက်ပြန်ပါပြီ
ကျွန်းသစ်နဲ့ ပျဉ်းကတိုး
သွားကြားထိုးဖို့တောင်မကျန်
တိုးလိုက်ပြန်ပြီ လောင်စာဆီဈေး
မြှင့်လိုက်ပြန်ပေါ့အမြတ်ခွန်တွေ
တင်လိုက်ပြန်ပါပြီ မီတာကြေးတဲ့
ဂျာအေးသူ့အမေရိုက်
ရိုင်းလိုက်တဲ့ရာဇ၀င်
ပလ္လင်ပေါ်က မျောက်ကြီး
ဖျက်ဆီးခဲ့ပေါ့ ဒို့နိုင်ငံ
ဗျဿနတရားငါးပါး
တပါးမှမကျန်။

ပလီပလာဉာဏ်တွေနဲ့
ဒီတခါလာပြန်ပါပကော
ညီလာခံက ဥပဒေတဲ့
ဆန္ဒတွေ ခံယူမယ်ဆိုပါလား။

ပြောလို့သာကြားရ ကိုယ့်နားကိုယ်မယုံ
ကြုံခဲလှတဲ့ ဒီအခွင့်အရေး
ပြည်သူတွေက လက်နှေးမှာမဟုတ်
မေတ္တာဆိုတာ ကြေးမှုံပမာပဲလေ
ထင်းခွေရာမှာ မကြုံပေမဲ့
ရေခပ်မှာတော့ ဆုံကြပြီလေ။

သားစဉ်မြေးဆက်
ဒို့ရတက်အေးရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်၊
ကိုယ်ယုံကြည်ရာ သာသနာ
အစဉ်အလာမပျက်ရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်၊
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းစင်သန့်ရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်၊
လူသတ်ဝါဒ န အ ဖ
ပြုတ်ကျဖို့အရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်။

ဟဲလို ဗိုလ်ချုပ်ရူးကြီးရေ ......
ဒီတခါတော့
ဘွာတေးဘွာတေး မလုပ်ကြေးနော်။ ။


မင်းတိက္ခ
(၃၊ ၃၊ ၀၈)


ဖေဖော်ဝါရီဆယ့်လေး

အာရင်ဘက် ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။

စောဝေ
1.10.2008


လာနေပြီ

အရယ်ရပ်
အငိုရပ်
အပြောရပ်
အစားရပ်
မျှော်သူမျှော်၊ စွင့်သူစွင့်
ကိုယ့်အသက်ရှုသံ၊ ကိုယ်ပြန်ကြားရတဲ့
ငြိမ်သက်မှုကြီးအကြား
သူတခွန်း၊ ကိုယ်တခွန်း
တိုး-တိုး၊ တိုး-တိုး
မေးထိုးကာ၊ ခေါင်းညိတ်ကာ
“လာနေပြီ၊ လာနေပြီ” တဲ့။

သူတို့ကြည့်တယ်
မမြင်ရ
ဒါပေမဲ့သိတယ်။

သူတို့နားထောင်မယ်
မကြားရ
ဒါပေမဲ့သိတယ်။

ခွေးမဟောင်၊ ကြောင်မလန့်
ကြက်မတွန်၊ ကျီးမသာ
ဒါပေမဲ့၊ မလွဲဘူး
ဒို့သိတယ်၊ မယွင်းဘူး
ဒီခြေသံမျိုး၊ ဒို့ကြားဖူးတယ်
ဒီကြွေးကြော်သံမျိုး၊ ဒို့အော်ခဲ့ဖူးသပေါ့
သဲ့သဲ့လား၊ တိုးတိုးလား
ဒို့နားမမှားဘူး။
ရွာဦးက စေတီယံ၊ ဆည်းလည်းသံတရှဲရှဲနဲ့
ညောင်ရွက်တွေ တ၀ဲဝဲရမ်းနေမှတော့
အနာဂတ်ကိုသယ်လာတဲ့
မုန်တိုင်းနီကြီး လာနေပြီပေါ့
ဒီကိုမရောက်သေးလို့သာရယ်။

လက်တွဲဖို့အတွက်၊ လက်ကုပ်ပြောပါ
ခြေလှမ်းပြဖို့အတွက်၊ ခြေတို့ပြောပါ
မျက်စိလျှင်ဖို့၊ မျက်စပစ်ပြပါ။

လာတဲ့အခါ
သူတို့လည်းပါလာမယ်
ခွပ်ဒေါင်းနဖူးစည်း
ရှာပြီးပြင်ထားပါ
ပိုစတာကားချပ်
ရေးဖို့ပြင်ထားပါ
ဂျင်ကလိကိုလည်း
မြိနေအောင် သွေးထားပါ။

မပူပါနဲ့
နေထွက်ချိန်မှာ နေထွက်
နေတက်ချိန်မှာ နေတက်
နေကျချိန်မှာ နေကျ
နေ၀င်ချိန်မှာ နေ၀င်
နောက်ပြီး သန်းခေါင်
သန်းခေါင့်ဟိုဘက်မှာ
သမိုင်းသစ်
ဒို့လက်နဲ့ထုဆစ်မယ်။ ။

(ဖိုးသံ) လူထု


ရွှေဝါရောင်တော်လှန်ရေး
ရာဇကုမာရ်

မြန်မာပြည်တစ်ခွင်ပေါ်က
ပြည်သူတွေ ပျော်စံဖို့အရေး
ရွှေဝါရောင်တော်လှန်ရေး တဲ့
သန့်လိုက်တဲ့ နာမည်ရယ်
ခန့်လိုက်တဲ့ ဇာနည်တွေရယ်
ကြည်ညိုဘွယ် လွန်ပါဘိတော့...။

လိပ်ပြာလည်းသန့်
သိက္ခာလည်းခန့်
ကျယ်ကျယ်ပြန့်ပြန့်
ထည်ထည်ခန့်ခန့်
တည်တံ့ကြည်သန့်
စည်ပင်ပြန့်ကာ
မေတ္တာခြေအရှည်ဆန့်
သစ္စာရေ ပြည်အနှံ့ဆွတ်ဖြန်းလို့
မျိုးချစ်ရဟန်းတို့ရဲ့
ရွှေဝါရောင်တော်လှန်ရေးဟာ
မြန်မာတစ်ဝှမ်းသာမက
ကမ္ဘာတစ်ဝှမ်းပါ
လျှမ်းလျှမ်းတောက်ခဲ့ပြီလေ။

မေတ္တာတရားတွေလည်း ခေါင်ခိုက်
သစ္စာတရားတွေလည်း မှောင်မိုက်လို့
အချောင်နှိုက် ဗြောင်မိုက်ခြင်းတွေနဲ့
လောင်မြိုက်နေတဲ့ နအဖ။

အဓမ္မတွေကို အစွမ်းကုန်လွှမ်းခြုံ
တွေ့ဆုံဆွေးနွေးပွဲကို ရှောင်ကွင်း
အရောင်လင်းမဲ့
လမ်းပြမြေပုံ (၇) ချက်နဲ့
ပြည်သူတွေကိုသတ်ဖြတ်
ရက်စက်မှုအသင်္ချေနဲ့
သံဃာတွေကို သင်းခွဲ
အသင်းမကွဲတော့လည်း
အတင်းဆွဲပြီး ဒုတ်နဲ့ရိုက်
မိုက်ပြီးရင်း မိုက်
တိုက်ပြီးရင်း တိုက်
အဲဒါ.. နအဖစရိုက်။

မဟနဆရာတော်ကြီးတွေကို ပင့်ပြီး
အသင့်စီမံထားတာတွေ ဖတ်ကြား
ဖိနပ်ကြားက နတ်စကားထွက်ပြ
အချက်ကျကျ တွေးကြည့်ရင်တော့
ပညာရှိနားနဲ့ မဆိုထားဘိ
ရွာငတိနားနဲ့မှ မသင့်လျှော်
ဘုန်းကြီးခေါင်းပေါ် ခြေကျော်နေတဲ့
ငရဲမျှော် မိစ္ဆာကောင်တွေ
သန့်စင်နေတာကိုလည်း
ဆန့်ကျင်နေတယ် ပြောလိုပြော။

ကဲ…. ဟောဒီက
ရွှေဝါရောင်ရင်ဘတ်တွေကို ဖွင့်ကြည့်လိုက်စမ်း
မိုက်ကန်းနေတဲ့ အာဏာရှင်စနစ်ဆိုးကို
အမြစ်ကျိုးအောင် တွန်းလှန်မယ့်
သန္နိဋ္ဌာန် နန်းမြို့ရိုးဟာ
ဘယ်ရန်သူမျိုးငါးပါးကမှ
ဖျက်ဆီးလို့မရနိုင်တဲ့
ခိုင်မာတဲ့ ယုံကြည်ချက်ပဲ။

မေတ္တာတော်အနန္တတွေနဲ့
သစ္စာတော်အလံပြနေတဲ့
ရွှေဝါရောင်သံဃာတွေကို တိုက်ခိုက်
သူ့အကြိုက်သူဆောင်ပြီး
အတုယောင် လူထုထောက်ခံပွဲတွေကျင်းပ
အတင်းအဓမ္မ တန်ခိုးတွေနဲ့
လူထုကို အမျိုးမျိုးခြိမ်းခြောက်.. ဟိန်းဟောက်…။

ဟေ့…. နအဖ
အဓမ္မအင်အားတွေနဲ့ ခြိမ်းခြောက်တိုင်း
တိမ်းမှောက်တတ်တဲ့ အတန်းစားထဲမှာ
ရွှေဝါရောင်သံဃာတော်တွေ မပါဘူး
(၈၈)မျိုးဆက်သစ်ကျောင်းသားတွေ မပါဘူး
NLD ပါတီဝင်တွေ မပါဘူး
ပြည်တော်ချစ် မိဘပြည်သူတွေ မပါဘူး - လို့ …..။

အစဉ်အလာ စကားပါးလိုက်ဦးမယ်
ပတ္တမြားအစစ်မှန်လျှင်
နွံမှာနစ်သော်လည်း
အရောင်မညစ်ဘူးဆိုတဲ့ သမိုင်းလို
စစ်အာဏာရှင် အရိုင်းအစိုင်းတို့ရဲ့
ဗုံးမုန်တိုင်းတွေကြားထဲက
မြန်ပြည်သားတို့ရဲ့ “သဒ္ဓါဗိုလ်” တွေ
မလဲမပြိုဘဲ
အမြဲလို တည်တံ့နေခြင်းဟာ
အာဏာရှင်ကို အန်တု
လောကဓံကို မမှုတဲ့
လူထုနှလုံးသားရဲ့
“အမုန်းမပွားတဲ့
အပြုံးအားတွေကြောင့်ပေါ့”….

ရွှေဝါရောင်ရဲ့ ကြယ်တစ်ပွင့်
ပေါက်နယ်သားရဲ့ သမိုင်းတစ်ခေတ်
တိုင်းချစ်ပြည်ချစ် ဆန်းသစ်ခဲ့ပြီ။

သူ့နာမည်က ဦးဂမ္ဘီရ
ဗုဒ္ဓ၏သား ရဟန်းတစ်ပါး
မြန်မာပြည်သား
ဇာနည်ဘွားပေါ့
အားမာန်မလျှော့
လမ်းမှန်သော့ခဲ့
အခုတော့ -
အလင်းအရံတွေနဲ့
အကျဉ်းစံနေလေရဲ့။

ဒါပေမယ့်
သူ့နှလုံးသားရဲ့
အပြုံးအားတွေကိုတော့
ဘယ်လို အတင်းအဓမ္မတွေနဲ့မှ
အကျဉ်းချလို့ ရမှာမဟုတ်တော့ဘူး။ ။


ရွှေဝါရောင် သံဃာတော်များသို့ ဦးညွှတ်ဂုဏ်ပြုလျှက်……

ရာဇကုမာရ်
၂၃၊ ၁၊ ၂၀၀၈


အင်အားသစ်တွေ အသင်္ချေ
မင်းတိက္ခ

သူ့အမည် မောင်ငြိမ်းချမ်းဆိုပေမဲ့
သူ့အသွင်က ညှိုးနွမ်းလှတယ်
သူ့အချစ်ကို လွမ်းနေတာမျိုးတော့မဟုတ်
သူဖြတ်သန်းခဲ့တဲ့ ရွှေဝါရောင်လမ်း
သူမျှော်မှန်းတဲ့ ပန်းတိုင်
သူ့မှာကျိတ်မနိုင်ခဲမရ သဲရေကျဖြစ်စဉ်
သူ့ဘ၀င်မှာ ဆွေးမြေ့တငွေ့ငွေ့
သူမမေ့နိုင် ငေးမှိုင်ရင်းတွေး
သူက ကျနော့်ကိုမေးတယ်။

ဦးလေးဖြေပါ
စက်တင်ဘာရွှေဝါရောင်တိုက်ပွဲကြီး
ဒီလိုပဲ ပြီးသွားတော့မှာလားဗျာ
ဘာကြောင့်များ အောင်ပွဲလွဲခဲ့ရပါသလဲခင်ဗျာ။

ဒီတခါ ငြိမ်ပြီးဆွေးနေမိတာကျနော်ပါ
တိမ်တောင်တိမ်လိပ်တွေသဖွယ်
ဆေးမှင်ရည်ချယ် မလွယ်ဆိုသလိုပ
သူ့အရွယ်ငယ်ပေမဲ့ နက်နဲတဲ့ ပုစ္ဆာ
အဖြေမှန်ရှာ ခက်ပါဘိ
ရွှေမြန်မာပြည်အရေးပေမို့
ပညာရှိက၀ိဆွေတို့ရေ
တွေးဆလို့ဖြေကြပါအုံး။

မောင်ငြိမ်းချမ်းရေ ဦးလေးဖြေမယ်
သိပ်သေချာတာက စက်တင်ဘာမှဖွားမြင်
အားအင်သစ်တွေ အသင်္ချေအနန္တ
ငါ့မှာလေ မြင်နေရပြီမို့
မင်းတွေ့ချင်တဲ့ အရေးတော်ပုံ
မဝေးတော့ဘူးဆိုတာ ယုံပါ။ ။



 

Blog TemplatesSponsored by Bananas Health Facts